မိတ်ဆက်
ဒီစာအုပ်က အဓိက self study သမားတွေ အတွက် ရည်ရွယ်ပြီး ရေးသားသည့် စာအုပ် တစ်အုပ်ပါပဲ။ ပုံမှန်အားဖြင့် algorithm က Computer တက္ကသိုလ်တွေမှာ ပထမ နှစ်ကတည်း က စတင်ခဲ့ပါတယ်။ သို့ပေမယ့် ပြည်တွင်း က သင်တန်းကျောင်း အများစုက လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန် အဓိက ထားသင်သည့် အတွက် algorithm ဟာ နားလည်ရခက်သည့် ဘာသာရပ် တစ်ခု interview ဖြေဖို့ လေ့လာရသည့် ဘာသာရပ် တစ်ခုလို့ အမှတ်မှားနေကြတာ ရှိပါတယ်။ Algorithm စာအုပ် တော်တော် များများ ဟာ စာတွေ့ ဘက်ကို အားပြုရေးထားကြပြီး ကျောင်းက သင်ရိုးပုံစံ တွေ ဖြစ်နေတာကြောင့်လည်း လေ့လာရတာ အနည်းငယ် ခက်ခဲမှု ရှိတာ အမှန်ပါ။
ဒီစာအုပ် မှာ စာတွေ့ နှင့် လက်တွေ့ မျှတ မှု ရှိအောင် ကြိုးစားပြီး ဖော်ပြသွားပါမယ်။ algorithm ဆိုတာ ပြဿနာ ဖြေရှင်းဖို့ နည်းလမ်း ပါပဲ။ တနည်းပြောရင် တွေးတော အဖြေရှာခြင်း ပါပဲ။ ဘယ်လို ပြဿနာ တွေကို ဘယ်လို ဖြေရှင်းလို့ရတယ်ဆိုတာ ကို နားလည် သဘောပေါက်လာသည့် အခါမှာ coding ရေးသည့် အခါမှာလည်း ပိုမို ကောင်းမွန်စွာ ရေးသားလာနိုင်မယ်။ နောက်တစ်ချက်က Big O ကို နားလည် လာသည့် အခါမှာ ဘာကြောင့် ဒီလို ရေးတာ ပိုကောင်းတယ်ဆိုတာ ကို သဘောပေါက်လာနိုင်ပါလိမ့်မယ်။
ဒီစာအုပ်မှာ Algorithm နှင့် သက်ဆိုင်ရာ အစ အဆုံး ပါဝင်ဖို့ရာ မဖြစ်နိုင်သည့် အတွက် လူသုံးများသည့် အပိုင်း interview တွေ မှာ အမေးများသည့် အပိုင်းတွေကို အဓိက ထည့်သွင်းရေးသားသွားပါမယ်။ ဒီစာအုပ်မှာ Java ကို ပဲ အသုံးပြုသွားပါမယ်။ Algorithm ပိုင်းကို ရှင်းပြဖို့ အတွက် Java language ကသာ အသင့်တော်ဆုံးပါပဲ။ ဒါကြောင့် လေ့လာသူ၏ စက်ထဲမှာ Java အဆင်သင့် ရှိနေဖို့ လိုပါတယ်။ ဒီစာအုပ် က Java စာအုပ်မဟုတ်သည့် အတွက် Java သွင်းနည်း Java run နည်းတွေကို ပါဝင်မှာ မဟုတ်ပါဘူး။ လေ့လာသူ က Java ကို ကိုယ့်စက်ထဲမှာ ဘယ်လို run ရသလဲ ဆိုတာ သိထားပြီးသား သူလို့ သတ်မှတ်ပြီး ရေးသားသွားမှာ ဖြစ်ပါတယ်။
ကျွန်တော် အမြဲယုံကြည်တာကတော့ Theory နှင့် အခြေခံ ပိုင်နိုင် သွားသည့် အခါ နောက် တဆင့် တက်ဖို့ ခက်ခဲမှု မရှိပါဘူး။ ဒီစာအုပ်ဟာ Mid Level Developer တွေ ကို အထောက်အကူ ပြုသည့် စာအုပ် တစ်အုပ် ဖြစ်လာမယ် လို့ မျှော်လင့်ပါတယ်။